ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကလေးသူငယ်များ သဘာဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ခနောင်တိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ခနောင်တို) ခန်းမတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောမောင်သန်းက ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား မီးဘေး၊ ရေ‌ကြီးမှုဘေး၊ မုန်တိုင်းဘေးအစရှိသည့် သဘာဝဘေးအန္တရာယ် အမျိုးအစားများ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကျောင်းတွင်ဖြစ်စေ၊ မိမိတို့အိမ်တွင်ဖြစ်စေ ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ကျရောက်နေချိန်နှင့် ကျရောက်ပြီးပါက လိုက်နာဆောင်ရွက်ရမည့်အချက်များအား အကျယ်တဝင့်ရှင်းလင်း အသိပညာပေးဟောပြော ခဲ့ပြီး၊  မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား သဘာဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများအသုံးပြုပုံတို့ကို လက်တွေ့သရုပ်ပြသပေးခဲ့သည်။

အဆိုပါ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောမောင်သန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ (IPRD)