ကော့မှူးတွင် အားကစားနှင့်လူငယ်ရေးရာအကြောင်း အသိပညာပေးဟောပြော

ကော့မှူး စက်တင်ဘာ ၁၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က‌ (ကော့မှူး) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာအကြောင်းခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ မြန်မာ့နိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးကျော်ရွှေက လူငယ်နှင့်ရိုးရာအားကစားအကြောင်း ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ ဒေါ်အေးအေးမော်က အားကစားနှင့်လူငယ်ဘဝမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးအောင်နိုင်ဦးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် နိုင်ငံတော်၏ လူစွမ်းအားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ်လူငယ် လူရွယ်များကို နိုင်ငံသားကောင်းများဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အချိန်ကိုအကျိုစရှိစွာ အသုံးချတတ်စေရန်နှင့် လူငယ်နှင့်စာပေအကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးကျော်ရွှေက အ.ထ.က (ကော့မှူး) ကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှအေးထံ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ(ပြန်/ဆက်)