ခရမ်း စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က ၁ ကျောင်းခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမများက အသက် ၉ နှစ် ပြည့်ပြီး၊ ၁၂ နှစ် မကျော်သော ကျောင်းသူလေးများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
(HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးမထိုးနှံမီ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ရင်က (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယခုထိုးနှံပေးမည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အရည်အသွေးမီ အသိအမှတ်ပြုကြောင်းရရှိထားပြီး နိုင်ငံတကာသုတေသနပြုချက်များအရ ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့်အတွက် အဆိုပါရောဂါကိုကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးမည့် အမျိုးသမီးငယ်များ၏ အသက်အပိုင်းအခြားမှာ အသက် ၉ နှစ် ပြည့်ပြီးမှ ၁၂ နှစ် မကျော်သော အရွယ်ရှိရမည်ဖြစ်ကြောင်း၊ ဆေးအမျိုးအစားမှာ WHO မှ အသိအမှတ်ပြုထား သည့် Gardasil အမည်ရှိ အရည်အသွေးကောင်းမွန်သည့် ဆေးဖြစ်ကြောင်း၊ ပြင်ပတွင်ထိုးနှံပါက ကုန်ကျစရိတ်များပြားသည့်အတွက် နိုင်ငံတော်မှအခမဲ့အစီအစဥ်ဖြင့် ကျောင်းအခြေပြု ထိုးနှံရာတွင်လည်းကောင်း၊ ရပ်ရွာအတွင်းအခြေပြုထိုးနှံရာတွင်လည်းကောင်း မပျက်မကွက်ထိုးနှံသွားရန် တိုက်တွန်းလိုကြောင်း၊ အခြေခံပညာကျောင်းများအနေဖြင့် ကာကွယ်ဆေး ထိုးနှံရန် အသက်ပြည့်မီသူ ကျောင်းသူအမျိုးသမီးငယ်များ မကျန်ရှိစေရေး စာရင်း ကောက်ယူခြင်းနှင့် နှိုးဆော်ပေးခြင်းများကို ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် HPV သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများအား ရပ်ကွက်အသီးသီးရှိ အ.ထ.က၊ အ.မ.ကကျောင်းများတွင် စုရပ်အဖြစ်စုစည်း၍ ထိုးနှံပေးခဲ့ရာ မြို့ပေါ်ရပ်ကွက်ရှိ အ.ထ.က၊ အ.လ.က၊ အ.မ.က ကျောင်းများမှ ကျောင်းသူ (၂၂၀၃) ဦးတို့အား တစ်ပြိုင်နက်တည်းထိုးနှံပေးခဲ့ကြောင်းသိရပြီး ကျောင်းပြင်ပမှ မိန်းကလေးငယ်များအား သက်ဆိုင်ရာဆေးထိုးစုရပ်များတွင်အောက်တိုဘာလ၌ မပျက်မကွက်ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)