ကွမ်းခြံကုန်း စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကိုယမန်နေ့က အ-ထ-က (၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည် ။
ရှေ့ဦးစွာ ကွမ်းခြံကုန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ပညာရေးတာဝန်ခံဦးရဲတင့်က အဖွင့်အမှာစကားပြောကြားပြီး၊ လူငယ်ရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာအသိပညာပေးအကြောင်း ဟောပြောခြင်း၊ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးကျော်ရွှေက လူငယ်နှင့်ရိုးရာအားကစားအကြောင်း ဟောပြောခြင်း၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းအသင်း ဒေါ်အေးအေးမော်မှ အားကစားနှင့်လူငယ်ဘဝမြှင့်တင်ခြင်းအကြောင်း ဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုဖူးမျက်သွယ်က လူငယ်နှင့်စာပေ အကြောင်းဟောပြောခြင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနည်းပြ (နည်းစနစ်) ဦးဇော်လွင်ထွန်းက အားကစားနှင့်လူငယ်အကြောင်းတို့ကို အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အားကစားပစ္စည်းများကို ရန်ကုန်တောင်ပိုင်းခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းထွန်းက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဆင့်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ဥာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)