လဲချားမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေး

လဲချား စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(လဲချား)တွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဌာနမှ HPV ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း၊ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံမည့် အစီအစဉ်နှင့် အသက်အရွယ် သတ်မှတ်ချက်များ အသိပညာပေး ရှင်းလင်းဟောပြောပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မောင်နွယ်နှင့်ဝန်ထမ်းများက (၁.၉.၂၀၁၁ မှ ၃၁.၈.၂၀၁၄) အတွင်းမွေးဖွားသူ အသက်(၉)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

 ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို လဲချားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသူလေးများအား စက်တင်ဘာလ ၂၂ ရက်နေ့အထိ သတ်မှတ်ရက်အလိုက် ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)