မိုင်းယောင်း စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု ပုံချို(ဝေး)ကျေးရွာ၌ ယမန်နေ့က ဒေသနွား(နွားပြာစိမ်း)များ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဖြန့်ဖြူးသည့် ဒေသနွား(နွားပြာစိမ်း) အမ ၁၀ ကောင်အား ကျေးရွာကော်မတီသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းခမ်းလူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ငွေကျပ်သိန်း ၁၂၀ တန်ဖိုးရှိ ဒေသနွား(နွားပြာစိမ်း) အမ ၁၀ ကောင်၊ ငွေကျပ် ဆယ့်နှစ်သိန်းခြောက်သောင်းတန်ဖိုးရှိ တိရစ္ဆာန်အစာ ၃၆ အိတ်တို့ကို ကျေးရွာကော်မတီသို့ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း၊ ခြံလှောင်စနစ်ဖြင့် မွေးမြူနိုင်ရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး ဇီဝလုံခြုံရေးအတွက် ပိုးသတ်ဆေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း