သီပေါ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင် ပညာသင်ကြားနေသော အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား ယမန်နေ့ နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ် ကျန်းမာရေးဌာနမှ ဒေါ်နိုင်နိုင်ဝင်းက အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ(HPV)ထိုးနှံခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်၊ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ပြီး ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာ ကာကွယ်နိုင်မှုများ၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းများ၊ ရောဂါနှင့်ပတ်သက်သည့်အရေးကြီးသည့် သတင်းအချက်အလက်များနှင့် (HPV)ကာကွယ်ဆေးအကြောင်း စသည်တို့ကို ကျောင်းသူများအား အသိပညာပေး ဟောပြော ခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)အား သီပေါမြို့နယ်အတွင်း ပညာသင်ကြားနေသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်ထက်မကျောသော(၁-၉-၂၀၁၁) ရက်နေ့မှ (၃၁-၈-၂၀၁၄) နှစ်အတွင်း မွေးဖွားသည့် မိန်းကလေးငယ်များအား စက်တင်ဘာလ(၁၈)ရက်နေ့မှ (၂၉)ရက်နေ့ အတွင်းအပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)