ကွန်ဟိန်း အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်း အသိပေးရှင်းလင်းပွဲအား ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က ပြည်သူ့ဆေးရုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ဦးစီးအရာရှိ (အခြေခံကျန်းမာ) ဒေါက်တာရဲခေါင်ထက် က HPV ကာကွယ်ဆေး အကြောင်း သိကောင်းစရာများဖြစ်သည့် HPV ကာကွယ်ဆေး ဆိုတာ ဘာလဲ၊ HPV ပိုးက ဘယ်လိုကူးစက်တာလဲ၊HPV ကာကွယ်ဆေးကို မည်သည့်အသက်အရွယ်တွင် ထိုးနှံနိုင်ပါသလဲ၊ HPV ပိုးကူးစက်ခံရပါက ဖြစ်ပေါ်တတ်သည့် လက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ မဖြစ်ပွားအောင် ကာကွယ်နည်းများ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများ၊ သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားပါက ဖြစ်ပေါ်လာနိုင်သည့် ရောဂါလက္ခဏာများ အစရှိသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စော၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန ဝန်ထမ်းများမှ တက်ရောက်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်စန္ဒီမြင့် (ပြန်/ဆက်)