ပင်လောင်းမြို့နယ်၌ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ပင်လောင်း စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region One Product) ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သည့်  လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ပင်လောင်းကြီးကျေးရွာအုပ်စု၊ ပင်လောင်းကြီးအနောက်ရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က အမှာစကားပြောကြားပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေပြီး ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားစေရန်၊ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့်  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းကို စာတွေ့၊ လက်တွေ့ဖြင့် အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးလျက်ရှိရာ ယခုဖွင့်လှစ်ပေးသည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို သင်တန်းသား၊ သင်တန်းသူများကလည်း လုပ်ငန်းထူထောင်နိုင်ရေးအတွက် စိတ်ပါဝင်စားစွာဖြင့် အမှန်တကယ် တတ်မြောက်သည်အထိ သင်ယူကြစေလိုကြောင်း ပြောကြားသည်။

သင်တန်းတွင် ပင်လောင်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား/ သင်တန်းသူ (၁၅)ဦး တက်ရောက်ပြီး၊ အဆိုပါ သင်တန်းတွင် ဒေသထွက်ကုန်လက်ဖက်ဖြင့် လက်ဖက်ခေါင်းလျော်ရည်၊ လက်ဖက်ရေချိုးဆပ်ပြာ၊ လက်ဖက်မျက်နှာသစ်ဆပ်ပြာခဲ၊ ရှူးရှဲလက်ဖက်နှပ်၊ လက်ဖက်နှပ်(အဆိမ့်)၊ လက်ဖက်နှပ်(ချဥ်စပ်)၊ လက်ဖက်ဝိုင်ပြုလုပ်နည်းများကို စက်တင်ဘာလ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ  စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာစီမံကိန်းကော်မတီများက သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)