ရခိုင်ပြည်နယ် မောင်တောမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကျောင်းအခြေပြု စတင်ထိုးနှံပေး

မောင်တော စက်တင်ဘာ ၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ကျောင်းအခြေပြု စတင်ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် သတ်မှတ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးဇော်လင်းဦး၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများက စနစ်တကျထိုးနှံနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြုထိုးနှံပေးရာတွင် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အတွင်း မွေးဖွားသော မိန်းကလေးငယ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလအတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၊  ရွှေဇားစေတီပြင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ မောင်နီကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းများရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် လျာထားကျောင်းသူ  ၃၉၉ ဦးအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများကောက်ယူခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပြီးမှ ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကို ကျောင်းသူများအား စနစ်တကျ ထိုးနှံပေးခဲ့ကြသည်။ မောင်တောမြို့နယ်အနေဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျောင်းအခြေပြုထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်