နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသံတွဲခရိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု၊ ဂွမြို့နယ်တိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

စစ်တွေ   စက်တင်ဘာ  ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သံတွဲခရိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုပြီး ဂွမြို့နယ်တိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် သံတွဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)သို့သွားရောက်ပြီး ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကျောင်းအတွင်း ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး သင်ထောက်ကူပစ္စည်းများနှင့်စားသောက်ဖွယ်ရာများပေးအပ် ကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ကာကွယ်ဆေးထိုးနှံပြီးနောက်  မိနစ် ၃၀အကြာ စောင့်ကြည့်နေချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူများ စာအုပ်၊ စာပေများအား လေ့လာဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် စာပေလေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးကြသည်။

သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခြင်းဖြစ်ပြီး အသက် ၉ နှစ်မှ ၁၂ နှစ်ကျောင်းသူများကိုသာ ထိုးနှံပေးခြင်းဖြစ် ကြောင်းသိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ကျိန္တလီမြို့၊ ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြကာ ဆေးရုံးတက်ရောက်ဆေးကုသမှုခံယူခံယူ နေကြသူများအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ် ရာများ နှင့်ထောက်ပံ့ငွေများ ပေးအပ်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနမှဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ ဖော်ဆောင်ခြင်း မိုးစပါးမျိုးစေ့ထုတ်နှင့် အထွက်နှုန်းတိုးတက်ရေးစိုက် ကွင်းစိုက်ပျိုးအောင်မြင်နေမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက မြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ မိုးသီးနှံစိုက်ပျိုးမှုအခြေအနေနှင့် မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် တောင်သူ များနှင့်တွေ့ဆုံကာ ယခင်ထက်အထွက် နှုန်းတိုးတက်ကောင်းမွန်ရေးနှင့် စနစ်တကျစိုက်ပျိုးကြရေးမှာကြား၍ တောင်သူများ၏ တင်ပြချက်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ဂွချောင်း တံတားသို့ သွားရောက်၍ တံတားကြံ့ခိုင်မှုအခြေအနေအား သွားရောက်ကြည့်ရှုကြသည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ဂွမြို့အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေက စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်တာဝန်ထမ်းဆောင်ခဲ့စဉ်က ရခိုင်ပြည်နယ်အတွင်းရှိ ရေလမ်းခရီးကို အဓိကထား သွားလာနေရသည့် မြို့နယ်များမှ နေ့ကျောင်းသား၊ ကျောင်းသူများနှင့် အဝေးသင်ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲအပြီး အိမ်ပြန်ခရီးစဉ်များအတွက် စီစဉ်ဆောင်ရွက်ခဲ့မှု၊ အထူးသဖြင့် မြေပုံမြို့နှင့် ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်များသို့ သွားရောက်ရမည့် ကျောင်းသား၊ ကျောင်းသူများ၏ အိမ်အပြန်ခရီးစဉ်အတွက် ဌာနဆိုင်ရာအကြီးအကဲများ၏ အကူအညီဖြင့် လမ်းခရီးအဆင်ပြေစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ယခုအခါ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းအပြင် တောင်ကုတ်တက္ကသိုလ်ဖွင့်လှစ်ပြီးနောက်ပိုင်း ဂွမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများလည်း အဆင်ပြေစွာဖြင့် အဆင့်မြင့်ပညာကို အေးချမ်းစွာ သင်ကြားနိုင်ပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉) ရပ်ချမှတ်ကာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင် စုတည်ဆောက်နိုင်ရေးပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သူ၊ ဦးဆောင်သူ၊ လိုက်နာကျင့်သုံးသူများ အားလုံးအသိပညာ အတတ်ပညာများနှင့် ပြည့်ဝရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများနှင့် ဝေးလံဒေသများမှ တိုင်းရင်းသားပြည်သူများအထိ စာတတ်မြောက်ရေး၊ အတန်းပညာ တတ်မြောက်ရေးကို နိုင်ငံတော်က ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည်တစ်ပြည် တိုးတက်ရန် အခြေခံမှာ ပညာတတ်များပေါကြွေဝခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေ လိုအပ်နေသည့်အတွက် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကို တည်ဆောက်ရာတွင် အသိပညာဖွံ့ဖြိုးတိုး တက်ရန်လိုအပ်သကဲ့သို့ ဥပေဒေနှင့်ပတ်သက်သည့် အသိပညာများကိုလည်း နားလည်ရန်လိုအပ် ပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်များမှာ ဥပဒေပညာဘာသာရပ်များကို ထည့်သွင်းသင်ကြားပေးခြင်းဖြစ်ကာ ဥပဒေအခြေခံကို လက်တွေ့ကျကျသိရှိနိုင်ရေးအတွက် BA (Law) ဘွဲ့ပေးရန်စီစဉ်ထားပြီး ဥပဒေကို အသက်မွေးဝမ်းကြောင်းပညာအဖြစ် အသုံးပြုမည့်သူများ အတွက် LLB ဘွဲ့ကို တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အနည်းဆုံးတက္ကသိုလ်တစ်ခုစီ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံ၏ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရန်နှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင်လည်း ဒေသဖူလုံရေးအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် အထွက်နှုန်းကောင်းသည့် မျိုးစပါးများကို နည်းစနစ်မှန်ကန်စွာဖြင့် လုပ်ကိုင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်မြေအားလုံးကိုလည်း အပြည့်အဝအသုံးချရန် လိုအပ်မည်ဖြစ်ကြောင်း၊ တစ်သီးစားစိုက်ပျိုးရုံမကဘဲ သီးထပ်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင်တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး၊ ဈေးကွက် ဖော်ဆောင်ရေး တို့ကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးရမည်ဖြစ်ပြီး ဒေသထွက်ကုန်ကြမ်းများကို အခြေခံကာပြည်တွင်းလိုအပ်သည့် အခြေခံစားကုန်၊ သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို အလုံအလောက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများက မြို့နယ်၏ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တင်ပြချက်များအပေါ် ပြန်လည်ရှင်း လင်းပြောကြားပြီး တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)