မတ္တရာမြို့နယ်၌ စားသုံးဆီများကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများသို့ ရောင်းချပေး

မတ္တရာ စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချသော စားသုံးဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ပြည်သူများသို့ အပတ်စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီအချိန်တွင်လည်း ရတနာညွှန့် စားသုံးဆီ ရောင်းဝယ်ရေးဆိုင်တွင် ဆက်လက်ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ စားသုံးဆီများ ရောင်းချရာတွင် စံနစ်တကျတန်းစီဝယ်ယူစေပြီး တစ်ပိဿာ၅၃၃၅ ကျပ်ဈေးဖြင့် ပိဿာချိန်ပေါင်း ၁၄၃၀ အား တစ်ဦးလျင် ၅၀ကျပ်သားနှုန်းဖြင့် လူဦးရေ ၂၈၅၀ ကျော်အားရောင်းချပေးနိုင်ခဲ့ကြောင်း၊ မိမိတို့ဆီဆိုင်မှ တစ်ပတ်လျင် ဆီပေပါ ၁၃လုံး ပိဿာ ချိန်အားဖြင့် ၁၄၃၀ကို မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ခွဲတမ်းအနေဖြင့် ဝယ်ယူရရှိပါတယ် အဆိုပါစားသုံးဆီများကို အပတ်စဉ် တနင်္လာနေ့တိုင်းရောင်းချပေးသွားမှာဖြစ်ပါတယ်၊ စားသုံးသူပြည်သူများ အဆင်ပြေစေရေးအတွက် စားသုံးဆီများရဲ့ ဈေးနှုန်းများကို သက်သာဈေးနှုန်းများ ဖြစ်လာဖို့အတွက် မျှော်လင့်မိပါ တယ်ဟု ဆီလုပ်ငန်းရှင်တစ်ဦးမှ ပြောပါတယ်။

အခြားဆီလုပ်ငန်းများမှလည်း မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဝယ်ယူရရှိ သော စားသုံးဆီများကို သက်သာသော ဈေးနှုန်းများဖြင့် အပတ်စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)