ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၉
ကိုဗစ်−၁၉ ရောဂါကူးစက်ပျံ့နှံမှုများမှကြိုတင်၍ ကာကွယ်သွားနိုင်ရန်အတွက် ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ (အ.ထ.က - ထန်းတပင်) တွင် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား အသွားအလာကန့်သတ်မှုများကို ဆောင်ရွက်နေပြီး အောက်တိုဘာလ (၁၈)ရက်နေ့၊ နံနက်ပိုင်းက အဆိုပါစင်တာသို့ အဖြူရောင်ပရဟိတ အဖွဲ့မှအလှူငွေများကို လာရောက် လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။
လှူဒါန်းရာတွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ (အ.ထ.က-ထန်းတပင်)တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရာတွင် အသုံးပြုနိုင်ရန် အ တွက် အဖြူရောင်ပရဟိတအဖွဲ့မှ ပရဟိတအဖွဲ့ဝင်များက အလှူငွေကျပ်ငါးသိန်းကို အ.ထ.က (ထန်းတပင်) Quarantine Centreမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရပြီး ပေါက်တန်းကျေးရွာနေ အလှူရှင် ဦးကျော်ရွှေ မိသားစုတို့မှလည်း (အ.ထ.က-ထန်းတပင်) Quarantine Centre တွင် အသွားအလာကန့်သတ်ထားရှိသူ (၅၈)ဦးနှင့် စေတနာ့ ဝန်ထမ်း(၇)ဦးတို့အတွက် အဟာရဒါနထမင်းနှစ်ရက်စာကိုလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်း ဓာတ်ခွဲ အတည်ပြု လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၊ တက်သစ် တိုက်နယ် ဆေးရုံနှင့် အခြေခံပညာကျောင်းခြောက်ကျောင်း Quarantine Centre တို့တွင် အသွားအလာကန့်သတ် စောင့်ကြည့်မှုများကို ဆောင်ရွက်နေပြီး ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကိုလည်း မြို့နယ် တာဝန်ရှိသူများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် ပရဟိတ အဖွဲ့များပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း လည်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)