မိတ္ထီလာမြို့ (၁၄ဝ)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို ၈ ရက်ကြာထည့်သွင်းကျင်းပမည်

မိတ္ထီလာ  စက်တင်ဘာ ၁၉

မိတ္ထီလာမြို့ (၁၄ဝ)ကြိမ်မြောက်သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို ၈ ရက်ကြာထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ လှေပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဖြစ်သူထံက သိရသည်။

(၁၄ဝ)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်းမှာ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို စက်တင် ဘာလ ၂၂ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၈ ရက်ကြာထည့် သွင်းကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို အကြီးတန်းနဲ့ အငယ်တန်း  နှစ်တန်းခွဲခြားကျင်းပမှာ ဖြစ်ပြီး အကြီးတန်းပြိုင်ပွဲမှာ ပထမဆု  ၅ သိန်းကျပ်၊ ဒုတိယဆု ၃ သိန်း ကျပ်၊ တတိယဆု ၂ သိန်း ကျပ်၊ အငယ်တန်းပြိုင်ပွဲမှာ ပထမဆု ၃ သိန်းကျပ်၊ ဒုတိယဆု ၂ သိန်းကျပ်၊ တတိယဆု ၁သိန်းကျပ် အသီးသီးချီးမြှင့်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကတော့ ဒီနေ့အထိ စာရင်းပေးသွင်းထားတာ ၂ဝ သင်းခန့်ရှိနေပြီး စက်တင် ဘာလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီနောက် ဆုံး စာရင်းပေးသွင်းဖို့ နှိုးဆော်ထားပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့မွန်းလွဲပိုင်းမှာ ပြိုင်ပွဲဝင်အသင်းတွေကို  အုပ်စုမဲနှိုက်ပြီး ပြိုင်ပွဲစာရင်းပွဲစဉ်တွေကို အတည်ပြုမှာ ဖြစ်ပါတယ်ဟု အဆိုပါ လှေပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက  ပြောသည်။

မိတ္ထီလာမြို့ (၁၄ဝ)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်အား စက်တင်ဘာ လ ၂၂ ရက်နေ့ မှ အောက်တိုဘာလ ၁ ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွား မည်ဖြစ် ကြောင်း သိရသည်။

ချမ်းသာ