နောင်ချိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်

နောင်ချို စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ကိုဝင်းက အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားစေသည့် ကင်ဆာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျော့ချနိုင်မှာဖြစ်ကြောင်း ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ HPV ပိုး အမျိုးအစား(၄)မျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး  ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မှာဖြစ်သည့်အတွက် အဆိုပါ ကာကွယ်ဆေးအား မြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း မိန်းကလေးငယ်များအားလုံး ထိုးနှံမှုကိုခံယူကြစေလိုကြောင်း စသည်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝေမာမြင့်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် အသက် ၉ နှစ်မှ ၁၂ နှစ်မကျော်သော ကျောင်းသူ(၃၀)ဦးအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြောင်းနှင့် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ အဆိုပါ ကာကွယ်ဆေးသည် မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ၁၃မျိုးမြောက်  ထိုးနှံပေးသည့် ကာကွယ်ဆေးဖြစ်ကြောင်း၊ အသက် ၉ နှစ်မှ ၁၂နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို စက်တင်ဘာလတွင် ကျောင်းအခြေပြုထိုးနှံပေးသွားမည်ဖြစ်ပြီး အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကာ စုစုပေါင်း မိန်းကလေးငယ် (၃၇၁၅)ဦးအား ထိုးနှံပေးသွား မည်ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)