အမ်း စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် အိတ်ခ်ျပီဗီပိုးကြောင့် ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားစေသည့် Human Papilloma Virus (HPV) သားအိမ်ခေါင်း ကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင် နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးမည့်ကာကွယ်ဆေးမှာ HPV ပိုးအမျိုးအစားလေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ် ကြောင်းသိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအား အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အမျိုးသမီးငယ်များအားလုံး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုး ဦးဆောင်၍ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော ကျောင်းသူ(၈၉) ဦးအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုကာ ကျောင်း သူများအား အားပေးစကားပြောကြားပြီး တာဝန်ရှိသူများအား လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အမ်းမြို့နယ်အတွင်း ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုးနှံသွားမည်ဖြစ်ပြီး ပြည်သူအခြေ ပြု ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမင်းထွန်း