လားရှိုး စက်တင်ဘာ ၁၉
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က လားရှိုးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး)က ကျောင်းသား၊ ကျောင်းသူများ အသိပညာရရှိစေရေးအတွက် လူငယ်များနှင့်ပတ်သက်သည့် ဗဟုသုတရဖွယ် အကြောင်းအရာများကို ဟောပြောသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်သည်။
လူငယ်စကားဝိုင်းတွင် Grade-11 မှ မခင်နီလာခိုင်က လူငယ်နှင့်မူးယစ်ဆေး၊ Grade-11 မှ မကုန္နြေဇော် က လူငယ်နှင့်ပညာရေး၊ Grade-10 မှ မောင်ဇေယျာအောင်နှင့် Grade-11မှ မကျော့ဇူဝတီထွန်းက လူငယ်နှင့်အားကစား၊ Grade-11မှ မောင်လွင်မိုးနိုင်နှင့် Grade-10မှ မစုစန္ဒအေးက လူငယ်နှင့်ကျန်းမာရေး၊ Grade-11 မှ မမေဇင်ကိုနှင့် Grade-10မှ မအိသဥ္ဇာဝင်းက လူငယ်နှင့်နည်းပညာ၊ Grade-10 မှ မောင်သန့်ဇင်အောင်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် ကျောင်းသားများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)