မာန်အောင် စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်၏ ဦးစီးပဓာန နာယက၊ ရတ္တညူမဟာနာယက၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ ကမ္မာဋ္ဌာနာစရိယဖြစ်တော်မူသော အနန္တဂိုဏ်းဝင်ကျေးဇူးရှင် လွန်တော်မူဆရာတော်ကြီး (ဘဒ္ဒန္တဓမ္မသိရီ)အား (၃၂)နှစ်မြောက်အထိမ်းအမှတ် အာစရိယဂုဏပူဇော်ပွဲကို ယနေ့နံနက်၈နာရီခွဲက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကြွရောက်လာကြသော သံဃာတော်များနှင့် တရားနာပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ပရိတ်သတ်များက ပြည်နယ်သံဃာ့ဝန်ဆောင် အတွင်းရေးမှူး(ရွှေကျင်) ဒိုးတန်းကျောင်းဆရာတော် ဘဒ္ဒန္တမဟောသဓထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် သံဃာတော်များက ပရိတ်တရားတော်များကို ချီးမြှင့်ကြပြီး ပြည်နယ်သံဃာ့ဝန်ဆောင် အတွင်းရေးမှူး (ရွှေကျင်) ဒိုးတန်းကျောင်း ဆရာတော်ဘဒ္ဒန္တမဟောသဓထံမှ လွန်တော်မူဆရာတော်ကြီး၏ အောက်မေ့ဖွယ်ရာ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကျေးဇူးတော်များနှင့် သာဓုအနုမောဒနာ တရားတော်မြတ်ကို နာယူကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)