နောင်ချို စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးလက်အခြေခံမွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေးအကူလုပ်သား(ရက်ရှည်) စာတွေ့၊ လက်တွေ့ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉နာရီ အချိန်က မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကျောက်မဲခရိုင် ခရိုင်ဦးစီးမှူး ဒေါက်တာစိုးနိုင်ဝင်းက မြို့နယ်တစ်ခုလုံးလွှမ်းခြုံနိုင်သော ကာကွယ်ကုသခြင်း၊ မွေးမြူရေးဆိုင်ရာ အခြေခံအသိပညာများ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
သင်တန်းတွင် သင်တန်းနည်းပြအဖြစ် နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်လွင်က ပို့ချသွားမည်ဖြစ်ရာ တိရစ္ဆာန်ရောဂါမှတ်တမ်းများအား စနစ်တကျကောက်ယူခြင်း၊ ယေဘူယျလက္ခဏာများစစ်ဆေးခြင်း၊ အစာပြုပြင်ကျွေးမွေးခြင်း၊ မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်များ၏ ဖွဲ့စည်းမှုအလိုက်ရောဂါများနှင့် ဆေးကုသမှုများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျွဲ၊ နွား၊ ဝက်စာရင်းဝင် ကူးစက်ရောဂါလက္ခဏာများ၊ ဇီဝလုံခြုံမှု၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သား၏ အကျိုးပြုနိုင်မှုနှင့်တာဝန်ဝတ္တရားများ စသည်များကိုလည်း သင်ကြားပေးသွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသားဦးရေ(၁၇)ဦး တက်ရောက်သင်ကြား၍ သင်တန်းအား တစ်ပတ်လျှင်(၂)ရက်နှုန်းဖြင့် (၆)လကြာ သင်တန်းပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)