တံတားဦးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံ

တံတားဦး စက်တင်ဘာ ၁၉

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ကို ယမန်နေ့နံနက် (၉)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးရာသို့ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ဦးနှင့်တာဝန်ရှိသူများက ဆေးထိုးရန်စာရင်းရေးသွင်းမှုနေရာ၊ ဆေးထိုးနေသည့်နေနှင့် ဆေးထိုးပြီးသူများ နားနေသည့်နေရာတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)သည် ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် ဆေးဖြစ်ပါကြောင်း၊ (HPV)ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါကြောင်း၊ (HPV)သည် လိင်ဆက်ဆံခြင်း၊ အရေးအပြားချင်း ထိတွေ့ခြင်းကနေ ကူးစက်နိုင်ပါကြောင်း၊ ရောဂါပိုးကူးစက်ခံရသူများစုမှာ ရောဂါလက္ခဏာမပြဘဲရှိသောကြောင့် မည်သူမဆိုအချိန်မရွေး ရောဂါပိုးကူးစက်နိုင်ပါကြောင်း၊ ဒါ့အပြင် အသက်(၉)နှစ်မှ (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၉)နှစ်မှ (၁၂)နှစ်မကျော်သော မိန်းကလေး(၉၈)ဦးအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းဖြစ်ပြီး၊ ကျန်ရှိသည့် အခြေခံပညာကျောင်းများတွင်လည်း အသက်(၉)နှစ်မှ (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)