တောင်ဥက္ကလာပ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံးအမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်နိုင်ရန် မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉း၃၀) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိမြန်မာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာအေးအေးမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို အသက် (၉) နှစ်မှ (၁၂) နှစ်မကျော်သော ကျောင်းသူများအား ထိုးနှံပေးခဲ့သည်။
ထိုသို့ထိုးနှံရာတွင် ဆေးထိုးနှံမည့် ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက စာရင်းသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသူ (၂၈၀) ဦးအား (Huma papilloma Virus Vaccine.HPV) ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အ.ထ.က (၂) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဓမ္မစိန်ရောင်ပရဟိတအဖွဲ့တို့က ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ အခြေခံပညာကျောင်းများမှ အသက်ပြည့်မီသူ ကျောင်းသူ (၁၃၉၄) ဦးအား ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စုရပ်များ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)