ကျိုင်းတုံမြို့နယ်တွင်  ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်း‌ကင်ဆာရောဂါကာကွယ်ဆေး(အခမဲ့)ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်(၂) ဦးမင်းညိုက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်နှင့် ပြည်နယ်ပညာရေးမှူး(ရုံးခွဲ) ကျိုင်းတုံမှ လက်‌ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ချိုတို့က ကျောင်းအခြေပြုအဖြစ် မိန်းကလေးငယ်များအား သားအိမ်ခေါင်း‌ကင်ဆာရောဂါကာကွယ်ဆေး (HPV) အခမဲ့ထိုးနှံပေးရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်း အထိမ်းအမှတ် video clip ပြသခြင်း၊ ပြခန်းများပြသခြင်းနှင့်  ကျန်းမာရေးဝန်ထမ်းများက ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)များ ထိုးနှံခြင်းဆောင်ရွက်ပေးနေမှုကို  တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များအလိုက်  အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သည့် အကျုံးဝင်သောအုပ်စု မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)အခမဲ့ ထိုးနှံပေးမည်ဖြစ်ပြီး ဆေးထိုးနှံမှုအကြိမ်မှာ တစ်ကြိမ် တည်းသာဖြစ်ကြောင်း၊ ကျောင်းအခြေပြုထိုးနှံခြင်း အစီအစဉ်အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၂၉ ရက် အထိသတ်မှတ်၍ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး လွှမ်းခြုံမှုရှိစေရေး ပြည်သူလူထုအခြေပြု ထိုးနှံခြင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်မှ ၂၇ ရက်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်