ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းအထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၅း၀၀ က မြို့နယ်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်တို့မှ အမှာစကားအသီးသီးပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်ကျော်မျိုးမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အမျိုးသား၊ အမျိုးသမီးသဏ္ဍာန်တူ ကွင်းပြင်လူနာကောက်သရုပ်ပြခြင်း၊ အမျိုးသမီး ၄ ယောက်တွဲထမ်းစင်ဖြင့် ကွင်းပြင်လူနာကောက်ခြင်းတို့ကို သရုပ်ပြခဲ့ပြီး ၂၀၂၃ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်များမှ အမျိုးသမီးနှစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲတွင် ဒုတိယဆု၊ အမျိုးသား၊ အမျိုးသမီးသဏ္ဍာန်တူစွမ်းရည်ပြိုင်ပွဲတွင် ဒုတိယဆု၊ အမျိုးသမီး ၄ ယောက်တွဲ ထမ်းစင်ဖြင့် ကွင်းပြင်လူနာကောက်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သောတပ်ဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးဇော်ဌေးနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးအောင်ကျော်မျိုးတို့က ထပ်ဆင့်ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျား/ မ( ၁) ဦးချင်းစွမ်းရည်ပြိုင်ပွဲ၊ ကျား/ မ( ၂) ဦးချင်းစွမ်းရည်ပြိုင်ပွဲ၊ ကျား/ မ(၄)ယောက်တွဲ ထမ်းစင်ဖြင့်ကွင်းပြင်လူနာကောက်စွမ်းရည်ပြိုင်ပွဲတို့တွင် ပထမ ၊ ဒုတိယ၊ တတိယဆုရရှိသော တပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်းသိရသည်။
ဖြိးစန္ဒာကျော်