သာကေတ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ထိုးနှံခြင်းလုပ်ငန်းဖွင့်ပွဲနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က သာကေတမြို့နယ်၊ ၆/အရှေ့ရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး(မြို့နယ်တာဝန်ခံ)ဒေါက်တာခင်သီတာဦးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သာကေတမြို့နယ်ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်ရာ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းရှိ အသက်(၉)နှစ်မှ(၁၂)နှစ်အတွင်းရှိ မိန်းကလေးငယ်(၄၅)ဦးအား WHO အသိမှတ်ပြု Gardasil ဆေးအမျိုးအစားအား စတင်ထိုးနှံပေးခဲ့ပြီး ယမန်နေ့နံနက်မှစတင်ကာ ၆/အရှေ့ရပ်ကွက်၊ ၆/အနောက်ရပ်ကွက်၊ ၃/ရန်ပြေရပ်ကွက်များရှိ အခြေခံပညာမူလတန်းကျောင်း(၁၁)ကျောင်းများရှိ ဆေးထိုးနှံရန်အကျုံးဝင်သည့် မိန်းကလေးငယ်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့အလိုက် တစ်ပြိုင်နက်ထိုးနှံဆောင်ရွက်ပေးခဲ့သည်။
သာကေတမြို့နယ်အတွင်းရှိ ရက်ကွက်(၁၉)ရပ်ကွက်အလိုက် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား စက်တင်ဘာလ(၁၈)ရက်နေ့မှ(၂၉)ရက်နေ့အထိလည်းကောင်း၊ ရပ်ကွက်အခြေပြုသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား အောက်တိုဘာလ(၁၆)ရက်နေ့မှ(၂၆)ရက်နေ့အထိလည်းကောင်း ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)