ကျောက်တလုံးကြီးမြို့ ထီပြွန်အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

ကျောက်တလုံးကြီး စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ထီပြွန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့နယ်ဦးစီးမှူး ဒေါ်သန္တာဝင်းက လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောပြီး ဝန်ထမ်းများက ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာအုပ်ပြပွဲနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်သည်။

အဆိုပါ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲသို့ အ.မ.က ထီပြွန်မှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ ၆၀ ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်လှည့်လုပ်ငန်းများအပြင် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း