ပင်းတယမြို့၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပင်းတယ စက်တင်ဘာ  ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဆူးဗိုလ်ကုန်းရပ်ကွက်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ကို မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် (၂၀၂၀)ခုနှစ် အောက်တိုဘာလမှ စတင်ထည့်သွင်း၍ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးငယ်များကို စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၁၅)ကျောင်းမှ အသက်(၉)နှစ်ပြည့်ပြီးသည့် ကျောင်းသူ (၁၆၁၀)ဦးအား ဆေးထိုးမည့်အဖွဲ့ (၂၁)ဖွဲ့ဖြင့် မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာမို့မို့ကြည်က သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံရခြင်းအကြောင်းများအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဇနီးဒေါ်ခင်စန္ဒာစိုးနှင့် အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ဆင်ခေါင်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)တို့မှ အသက်(၉)နှစ်ပြည့်ပြီးသည့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်း ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)