မွန်ပြည်နယ်အတွင်း အသက် (၉) နှစ်မှ (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မော်လမြိုင် စက်တင်ဘာ ၁၉

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သည့် မိန်းကလေးများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်ခန်းမ၌ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀) ခုနှစ် စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံးတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားသူ အမျိုးသမီးလူနာအသစ် (၆၀၄,၁၂၇) ဦးရှိပြီး သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် နှစ်စဉ်အမျိုးသမီး (၃၄၁,၈၃၁) ဦး သေဆုံးလျက်ရှိပါတယ် (၂၀၂၃) ခုနှစ် မတ်လတွင် The Catalan Institute of Oncology (ICO) နှင့် WHO တို့ပူးပေါင်းထုတ်ပြန်ထားသော HPV Information Centre မှ အချက်အလက်များအရ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာအဖြစ်များဆုံး အသက်အုပ်စုမှာ အသက်(၁၅)နှစ်မှ အသက် (၄၄) နှစ်ဖြစ်ပြီး အမျိုးသမီးလူဦးရေတစ်သိန်းတွင် (၂၅.၃) ဦး ဖြစ်ပွားကြောင်း သိရှိရပါကြောင်း ကမ္ဘာတစ်ဝန်းမှာ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံထားပါက နောက် (၅) နှစ်မှ (၈) နှစ်ကြာတဲ့အခါမှာ အသက်(၁၃)နှစ်မှ အသက် (၁၉) နှစ်အတွင်းရှိတဲ့ မိန်းကလေးများမှာ ကင်ဆာဖြစ်စေတဲ့ သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်(စ်)ပိုး ကူးစက်မှုနှုန်း (၈၃) ရာခိုင်နှုန်း လျှော့ချနိုင်မှာဖြစ်ပြီး အသက် (၁၅) နှစ်မှ (၁၉) နှစ်အရွယ် မိန်းကလေးတွေမှာ အဖြစ်များတဲ့ ကနဦးကင်ဆာ ဖြစ်ပွားမှုနှုန်းကို (၃၁) ရာခိုင်နှုန်းထိ လျှော့ချနိုင်မှာဖြစ်ပါကြောင်း ကာကွယ်ဆေးထိုးနှံခြင်းဟာ သက်ရှည်ကျန်းမာဖို့နဲ့ ကျန်းမာရေး အဆင့်အတန်းကို မြှင့်တင်ပေးဖို့ အတွက် ကုန်ကျမှုအသက်သာ ဆုံးနည်းလမ်းတစ်ခုဖြစ်ပါကြောင်း (၂၀၂၃) ခုနှစ်၊ အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန်တိုက်တွန်းပြောကြားလိုပါကြောင်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို မိန်းကလေးငယ်များအား ဆောလျင်စွာထိုးနှံခြင်းက အစောဆုံးကာကွယ်မှုရရှိနိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်ပါကြောင်း အမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံးကင်ဆာဖြစ်ပြီး ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားသေဆုံးမှုမှလျှော့ချနိုင်ရန် ထိုးနှံသင့်သည့် မိန်းကလေးငယ်များ အားလုံးလွှမ်းခြုံမှုရရှိရေး သင်တန်းများပေးခြင်း၊ လုပ်ငန်းညှိနှိုင်းအစည်း အဝေးများ ဆောင်ရွက်ခြင်း၊ ရည်မှန်းလူဦးရေကောက်ယူခြင်း၊ ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ဖြန့်ဝေခြင်းစသည့် ပြင်ဆင်သည့် လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြပြီး ယနေ့ (၁၈-၉-၂၀၂၃) ရက်နေ့တွင်စတင်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံပေးခြင်းလုပ်ငန်းကို မွန်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ဆက်လက်ထိုးနှံသွားမှာဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြမယ့် နှီးနွယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအားလုံး၊ အအဖွဲ့အစည်းများအားလုံးကိုကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးမှ မွန်ပြည်နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်းလုပ်ငန်းအား ရှင်းလင်းတင်ပြခဲ့ပြီး သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်း အထိမ်းအမှတ် Video Clip ပြသနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ကြည့်ရှုခဲ့သည်။

ထိုနောက် “အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံ‌နေမှုကို အားပေးကြည့်ရှုပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)