မိုင်းရှူးမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်

မိုင်းရှူး စက်တင်ဘာ  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ဇင်ထွန်းက HPV ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း၊ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံမည့် အစီအစဉ်နှင့် အသက်အရွယ်သတ်မှတ်ချက်များ အသိပညာပေး ရှင်းလင်းဟောပြောပြီး ဆရာဝန်ကြီးနှင့် ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းဝင်များက (၁.၉.၂၀၁၁ မှ ၃၁.၈.၂၀၁၄) အတွင်းမွေးဖွားသူ အသက်(၉)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မိုင်းရှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသူလေးများအား စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ သတ်မှတ်ရက်အလိုက် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)