မိုင်းယန်း စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း)တို့ ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း”ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ လူငယ်၊ လူရွယ်များ စာဖတ်စွမ်းရည်တိုးတက်လာစေရန်၊ စာပေဗဟုသုတလေ့လာလိုက်စားပြီး မိမိတို့သိရှိထားသည့် အကြောင်းအရာများ၊ ဗဟုသုတများကို အချင်းချင်းပြန်လည်မျှဝေတက်စေရန်၊ တိုင်ပင်ညှိနှိုင်း ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အများရှေ့တွင် စကားပြောဆို ဆက်ဆံဆွေးနွေးတက်သည့် လူငယ်များဖြစ်လာစေရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းကြောင်း ရှင်းလင်းပြောကြားပြီး စကားဝိုင်းကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း)မှ Grade- 12 ကျောင်းသူ မဖူးသဉ္ဇာခင်က “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် လူငယ်တိုင်း မိမိတို့ရည်ရွယ်ချက်၊ ရည်မှန်းချက်ပန်းတိုင်ထားရှိသင့်သည့် အကြောင်းအရာများကိုလည်းကောင်း၊ Grade- 12 ကျောင်းသူ မမိုးသံသာအောင်က”လူငယ်နှင့်ကျန်းမာရေး”ခေါင်းစဉ်ဖြင့် လူငယ်များအနေဖြင့် စိတ်ရော၊ ကိုယ်ပါ ကျန်းမားကောင်းမွန်အောင် “ဘယ်လိုနေထိုင်ရမလဲ”စသည့် အကြောင်းအရာများဖြင့်လည်းကောင်း၊ Grade- 12 ကျောင်းသား မောင်စိုင်းဆိုင်ဖွန်က “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့် လူငယ်တိုင်း စာရိတ္တမဏ္ဍိုင်ကောင်းမွန်ကြံ့ခိုင်အောင် ကြိုးစားကြရမည့် အကြောင်းအရာများနှင့် Grade - 12 ကျောင်းသား မောင်ကျော်ဝင်းလှိုင်က “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့် အားကစားဆိုသည်နှင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည်ဖြင့် ကဏ္ဍပေါင်းများစွာ ယှဉ်တွဲနေပုံ စသည့်အတွေးအမြင် ဆွေးနွေးချက်များအပေါ် တက်ရောက်လာသူများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး