တွံတေး စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အသက် (၉) နှစ်မှ (၁၂) နှစ်အတွင်း မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ထိုးနှံခြင်းလုပ်ငန်းဖွင့်ပွဲနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီက တွံတေးမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တွံတေးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့(၂) ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးဇော်လှက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဥ်များအား ရှင်းလင်းပြောကြားရာတွင် သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၀ ခုနှစ် စာရင်းများအရ တစ်ကမ္ဘာ့လုံးတွင် အမျိုးသမီးလူနာသစ် ၆ သိန်းကျော်ဖြစ်ပွားပြီး (၃၄၀၀၀၀) ကျော်သေဆုံးလျက်ရှိကြောင်း၊ သားအိမ်ခေါင်းကင်ဆာသေဆုံးမှုနှုန်းမှာ (၆.၉) ရာခ်ုင်နှုန်းရှိကာ သေဆုံးသူတွေ့ရဲ့ (၉၀) ရာခိုင်နှုန်းသည် ဖွံ့ဖြိုးမှုနည်းသော နိုင်ငံတွေကအဖြစ်များပြီး ဖြစ်ပွားမှုနှင့်သေဆုံးမှုနှုန်းက မြှင့်မားတာကိုတွေ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သားအိမ်ခေါင်းကင်ဆာအဖြစ် အများဆုံးအုပ်စုကတော့ အသက်(၁၅)နှစ်မှ ၄၄နှစ်အတွင်းဖြစ်ကြောင်း၊ အမျိုးသမီးဦးရေတစ်သိန်းတွင် (၂၅.၃) ဦးဖြစ်ပွားကြောင်း၊ သားအိမ်ခေါင်ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကူးစက်မှုကို (၈၃) ရာခိုင်နှုန်းထိလျော့ချနိုင်ပြီး အသက် (၁၅) နှစ်မှ (၁၉) နှစ်အရွယ်မိန်းကလေးများတွင် အဖြစ်များသော ကနဦးကင်ဆာဖြစ်ပွားမှုနှုန်း (၃၁) ရာခိုင်နှုန်းထိလျော့ချနိုင်မှာဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ထိုးနှံခြင်းဖြင့် လူဦးရေ (၂၄) သန်းစာအတွက် ကျန်းမာရေးစောင့်ရှောက်မှု စရိတ်လျော့ကျသွားမည့်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးခြင်းက အသက်ရှည်ကျန်းမာဖို့နှင့် ကျန်းမာရေးအဆင့်အတန်းကို မြှင့်တင်ပေးရေးအတွက် ကုန်ကျမှုအသက်သာဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရမည်သူများအားလုံး ကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံနိုင်ရေး မိဘပြည်သူအားလုံးက ပူးပေါင်းကြိုးပမ်းရွက်ဆောင်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးဝင်းမြင့်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးဇော်လှ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနန်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဌာနဆိုင်အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များက အသက် (၉) နှစ်မှ (၁၂) နှစ်အတွင်း မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှုအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၁၅) ကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းတစ်ကျောင်း စုစုပေါင်း (၂၁၆) ကျောင်းတွင်အသက် (၉) နှစ်မှ (၁၂) နှစ်အတွင်း မိန်းကလေးငယ် (၅၉၀၉) ဦးကို ကျောင်းအခြေပြု စက်တင်ဘာ (၁၈) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကာကွယ်ဆေးထိုးအဖွဲ့ (၄၉) ဖွဲ့က သတ်မှတ်အခြေပြုနေရာများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား