လှည်းကူးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ

လှည်းကူး စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (အင်းတိုင်) တို့ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်) ငွေစံပယ်ခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ လှည်းကူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားရာတွင် လူငယ်များအနေနှင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်လာစေရန်၊ နုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာရန်၊ အသိပညာဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်များပေါ်ထွက် လာစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အထက(အင်းတိုင်) မှကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ အသိပညာပေးဟောပြောပွဲကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်က စိတ်ကူးယဥ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဦးရန်နိုင်ဦး (ခ) ချစ်သဲဖြူ (ကော့ကရိတ်) က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသိညာပေး ဟောပြောခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း (အင်းတိုင်) မှ ကျောင်းသား/ သူ (၅) ဦးတို့က မူးယစ်ရန်စွယ် တို့ကာကွယ်၊ စာပေမြင့်မှလူမျိုးတင့်မည်၊ အားကစားဖြင့်နိုင်ငံ့ဂုဏ်ကိုမြှင့်တင်စို့၊ ပညာရဲရင့်ပွဲလယ်တင့်၊ ပညာရေးဖြင့်ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်နှစ်သိမ့်ဆု ရရှိခဲ့သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်များကိုတက်ရောက်လာကြသော ကျောင်းသား/သူ များက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)