အိမ်မဲမြို့နယ်တွင် အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး

အိမ်မဲ စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြိး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့မှ ပူးပေါင်း၍ အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို အထက -၂ ကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့ နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးကျော်အောင်က ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အထက- ၂ ကျောင်းမှ အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူ စုစုပေါင်း (၃၄) ဦး အား သားအိမ်ခေါင်း ကင်ဆာ ရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံပေးပြီး ကျောင်းသူများအား တာဝန်ရှိသူ များက လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့သည်။

အိမ်မဲမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၀၀)မှ အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူ (၄၉၁၉)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ယခုလ (၁၈) ရက်နေ့မှ (၂၉)ရက်နေ့အထိ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)