လောက်ကိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

လောက်ကိုင် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းခန်းမဆောင်၌ လူငယ်စကားဝိုင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ယမန်နေ့လည် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ အဖွင့်အမှစကားပြောကြားပြီး လောက်ကိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြမြဝင်းမှ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် လောက်ကိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ‌လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြမြဝင်းမှ ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသားများက လူငယ်နှင့်ကျန်းမာရေး‌‌၊ လူငယ်နှင့်မူးယစ်‌‌ဆေး၊ လူငယ်နှင့် စည်းကမ်း‌နှင့် လူငယ်နှင့်စာကြည့်တိုက် ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသားများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဖြည့်စွက်‌ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မိခင်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့များက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသားများအတွက် ဆေးစိမ်ခြင်ထောင်နှင့် ဗလာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများကျောင်းသားများက နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ညိုညိုဝင်း ‌(လောက်ကိုင်)