မောက်မယ် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံကျောင်းသား လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက မိုင်းပုတ်ကျေးရွာအုပ်စု၊ မိုက်ကန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ယခုလူငယ်၊ နောင်ဝယ်လူကြီးများဖြစ်ကြမည့် နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြရမည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ပေါက်စေရန် လူငယ်များအနေဖြင့် ပညာရေး ကဏ္ဍအပြင် စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့်ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး စသည့်အကြောင်းများဆွေးနွေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်သော်က နယ်လှည့်စာကြည့် တိုက်ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များအား ဖတ်ရှုစေခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း၌ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး ဓါတ်ပုံနှင့်နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)