မိုးမိတ် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာမြင့်မိုရ်ခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာသိမ့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခိုင်မင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာမများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ(၅၆)ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုဟူ၍ နှစ်မျိုးခွဲ၍ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံနိုင်သည့် အသက်အရွယ်မှာ (၁.၉.၂၀၁၁)မှစ၍ (၃၁.၈.၂၀၁၄)အတွင်း မွေးဖွားပြီး အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းနေမိန်းကလေးများနှင့် ကျောင်းမနေသည့် မိန်းကလေးများကိုပါ ထိုးနှံပေးသွားမည်ဖြစ်သည်။ ကာကွယ်ဆေးထိုးနှံသည့် အချိန်နှင့်တစ်ပတ်အတွင်း အဖျားရှိခြင်း၊ အခြားကာကွယ်ဆေးတစ်မျိုးမျိုးထိုးနှံစဉ်က ပြင်းထန်စွာ ဓာတ်မတည့်မှုဖြစ်ပွားခြင်းစသည့် အခြေအနေများဖြစ်ပွားနေပါက ကာကွယ်ဆေးထိုးနှံရန်မသင့်ကြောင်းနှင့် ပုံမှန်အခြေအနေမျိုးတွင်သာ ထိုးနှံပေးသွားမည်ဖြစ်သည်၊၊
မိုးမိတ်မြို့နယ်အနေဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ကျောင်းအခြေပြု ထိုးနှံပေးရာတွင် ၁၅၇၃ ဦး ထိုးနှံပေးနိုင်ရန် လျာထားကြောင်းနှင့် ယနေ့မှစတင်၍ ထိုးနှံပေးလျက်ရှိကာ ပြည်သူလူထုအခြေပြုထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၆ ရက်မှ ၂၇ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စည်သူဌေး (ခရိုင် ပြန်/ဆက်)