ချောင်းဆုံ စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ပေးခြင်းကို Gavi အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူကျန်းမာရေးဦးစီးဌာနတို့မှပူးပေါင်း၍ စက်တင်ဘာ ၁၈ ရက်နေ့က မြို့နယ်အခြေခံပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ကွင်းဆင်းဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်နေထိုင်သော အမျိုးသမီးများမှာ ဒုတိယမြောက်အဖြစ်အများဆုံးရောဂါဖြစ်ကြောင်း၊ မိန်းကလေးငယ်များအား စောလျင်စွာကာကွယ်ဆေးထိုးနှံခြင်းက သားအိမ်ခေါင်းကင်ဆာရောဂါကို အစောဆုံးကာကွယ်နိုင်မည့် အခွင့်အလမ်းဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းက ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်း ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဌာနဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှပူးပေါင်း၍ စက်တင်ဘာ ၁၈ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ ကျောင်းသူ (၃၄၂၀)ဦးကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)