တံတား စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသားကျောင်းသူများ ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် တံတားမြို့ အ.ထ.က ကျောင်း၊ သီရိရတနာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ တံတားမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်သိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တံတားမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးဝင်းထွန်းက အခြေခံပညာအလယ်တန်းအဆင့် Grade-9 အောင်မြင်သူများသည် ၎င်းတို့သင်ယူခဲ့သော ဘာသာတွဲအလိုက် သတ်မှတ်အရည်အချင်းပြည့်မီစွာအောင်မြင်လျှင် သက်ဆိုင်ရာအသက်မွေးဝမ်းကျောင်းတက္ကသိုလ်များဖြစ်သည့် ဆေးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဝိဇ္ဇာ/ သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့်သိပ္ပံများသို့ တက်ရောက်သင်ကြားခွင့်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် Grade-9 ပြီးမြောက်အောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများနှင့်ကျောင်းသားမိဘများက အသက်မွေးဝမ်းကျောင်းပညာသင်ယူနိုင်သော နံရံကပ်စာစောင်များပြသထားရာ ကျောင်းသားကျောင်းသူများနှင့် မိဘ၊ အုပ်ထိန်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ဖြိုးသီဟ (တံတားပြန်ဆက်)