ပုဏ္ဏားကျွန်း စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် စတင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးသူနာပြုဆရာမများက ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ စာရင်းရေး သွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးနှင့်ဓာတ်တည့်မတည့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး၊ ကာကွယ်ဆေးထိုးနှံပြီးသူများကို နာရီဝက်အနားယူ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုသည်။
အမျိုးသမီးငယ်များတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် Human Papilloma Virus(HPV) သားအိမ်ခေါင်း ကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု HPV ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုးနှံပေးလျက်ရှိရာယနေ့တွင် အမျိုးသမီး ကျောင်းသူ ၆၁ ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)