မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေး

မုဒုံ     စက်တင်ဘာ     ၁၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၃)ကျောင်း၌ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက လိုက်လံဆောင်ရွက်ပေးသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာကျော်မိုးနိုင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးကျန်းမာရေးဆရာမနှင့် ဆရာ/ဆရာမများကကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းနှင့်ပတ်သတ်၍ လိုက်နာ‌ရမည့်ရှောင်ရန်/ ဆောင်ရန်အချက်များကို အသိပညာပေးဟောပြောကာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၀၀)ကျောင်းမှ ကျောင်းသူ(၄၈၃၃)ဦးအား ဆေးထိုးစုရပ်(၈၀)နေရာသတ်မှတ်ကာ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဆေးထိုးအဖွဲ့(၁၃)ဖွဲ့တို့က ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျောင်းမနေသူများနှင့် ကျောင်း‌အခြေပြုထိုးနှံခြင်းတွင်  ကျန်ရှိသူများကို  ပြည်သူလူထုအခြေပြုအဖြစ် အောက်တိုဘာလ  ၁၆ ရက်နေ့မှ  ၂၇  ရက်နေ့အထိ သတ်မှတ်စုရပ်နေရာအသီးသီးတို့၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)