ရန်ကင်း စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့်ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကိုကာကွယ်နိုင်ရန် မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းမင်းလတ်၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသီသီလတ်နှင့် ကျန်းမာရေးဝန်ထမ်းများက WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို (၁-၉-၂၀၁၁)မှ (၃၁-၈-၂၀၂၄)အတွင်း မွေးဖွားသည့် ကျောင်းသူများအား ထိုးနှံပေးခဲ့သည်။
ထိုသို့ထိုးနှံရာတွင် ဆေးထိုးနှံမည့် ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက စာရင်းသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသူ (၁၅၇)ဦးအား(Huma papilloma Virus Vaccine.HPV) ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းမင်းလတ်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့အထိ အခြေခံပညာကျောင်းများမှ အသက်ပြည့်မီသူကျောင်းသူ(၇၆၀)ဦးအား ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)