သင်္ဃန်းကျွန်းမြို့နယ်၌ ဂျူဒိုအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒိုအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီတွင် အ‌ခြေခံပညာအထက်တန်းကျောင်း (သုဝဏ္ဏ) ရှိ သီရိသုဝဏ္ဏပညာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးသန့်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် အတွင်းရေးမှူးဦးမောင်မောင်ထွေးဦးက မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မား‌ရေးအတွက် အာကစားလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်စေရန်ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သူရမှ ကျေးဇူးတင်စကားပြောကြားကာ သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဂျူဒိုအားကစားနည်းပြများအား ဂုဏ်ပြုငွေများပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများမှ ဂျူဒိုအားကစားနည်းများဖြင့် သရုပ်ပြဖျော်ဖြေပေးခဲ့ကြသည်။

ထို့နောက် ဂျူဒိုအခြေခံသင်တန်းဆင်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေဦး၊ အရှေ့ပိုင်းခရိုင် အားကစားမှူး ဦးရဲကျော်သူ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမောင်မောင်ထွေးဦး၊ သင်္ဃန်းကျွန်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်း၊ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးကျော်သူရ၊ မြို့နယ်အားကစားမှူး ဦးမျိုးလင်းအောင်၊ ကျောင်းအုပ်ဆရာမ ဒေါ်အေးမြင့်စန်းနှင့် ဆရာ/ဆရာမများ သင်တန်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁) လတာ သင်ကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)