စမ်းချောင်း စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသောကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် စမ်းချောင်းမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေနဲ့တင်္ခနုပ္ပတ္တိဥာဏ်များဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာစွမ်းဆောင်ရည်များမြင့်မားလာစေရန်၊ ဗဟုသုတတွေကိုစဥ်ဆက်မပြတ် လေ့လာဆည်းပူးသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကိုစတင်ခဲ့ရာ အ-ထ-က(၄)ကျောင်းမှကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က စာပေမြင့်မှလူမျိုးတင့်မည်၊ ပညာရဲရင့်ပွဲလယ်တင့်၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ အစဉ်ရှေးရှု မြန်မာ့ယဉ်ကျေးမှု၊ အားကစားဖြင့် နိုင်ငံဂုဏ်ရည်မြှင့်တင်စို့၊ ယနေ့လူငယ်နောင်ဝယ်လူကြီးစသည့် ခေါင်းစဉ်(၆)ခုကို မဲနှိုက်ပြီး ကိုယ်ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဥ်ပြိုင်ကြသည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာမိုး၊ အ-ထ-က(၄)ကျောင်းမှ အထက်တန်းပြဆရာမဒေါ်ဌေးဌေးနှင့် စာရေးဆရာမသင်းလဲ့လဲ့ထွန်းတို့က ဆုရွေးချယ်ရေး ဒိုင်အဖြစ်ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့ကြသောကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများကဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ချိုသစ်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ကျပန်းစကားပြောပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၀)ဦးခန့်တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောအသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း