ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဓမ္မရာဇကဘုရား မိုးကြိုးစက်ကွင်းခ

ညောင်ဦး စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ယမန်နေ့ ညနေပိုင်း  ၃ နာရီ ၄၅ မိနစ်အချိန်၌ ဓမ္မရာဇကဘုရား မိုးကြိုးစက်ကွင်းခခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများ ထံက သိရသည်။

အဆိုပါ မိုးကြိုးစက်ကွင်းခခဲ့သည့် ဓမ္မရာဇကဘုရားကြီးသို့ ညောင်ဦးမြို့နယ် သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ အလိုတော်ပြည့် ကျောင်းဆရာတော်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ခံ(ညွှန်ကြားရေးမှူး) ဦးကျော်မျိုးဝင်းနှင့်အဖွဲ့၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးလွင်နှင့် ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးစိုး ညောင်ဦးခရိုင် သာသနာရေးမှူး ဦးနေလင်းသိန်းတို့မှ မိုးကြိုးစက်ကွင်းခခဲ့သည့် စမ္မရာဇကဘုရားကြီးအား ထိခိုက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ဓမ္မရာဇကဘုရားကြီးတွင် အုတ်များကွာကျခြင်း၊ ပွင့်ထွက်ခြင်းများကို မတွေ့ရှိရဘဲ ဘုရားကြီး၏ ခေါင်းလောင်း‌တော်နှင့် ကြာမှောက်ကြာလှန်ကြား ဖောင်းရစ်ပတ်လည်တွင် ရွှေသင်္ကန်းများ မည်းသွားသည်ကိုသာ မျက်မြင် စစ်ဆေးတွေ့ရှိရပါကြောင်းနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ အခြားသောရှေးဟောင်းအဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ဓမ္မရာဇကဘုရားကြီး၏ မိုးကြိုးစက်ကွင်းခမှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှေးမူမပျက် အမြန်ဆုံးပြုပြင် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း