မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းရုံးခွဲတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (2023) ခုနှစ် World First Aid Day အထိမ်းအမှတ်စွမ်းရည်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် တပ်ဖွဲ့ဝင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ စက်တင်ဘာ ၁၈ 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းရုံးခွဲတွင် (အဋ္ဌမ) အကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (2023) ကမ္ဘာ့ရှေးဦးစွာပြုစုခြင်းနေ့ (World First Aid Day) အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းရုံးခွဲတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းရုံးခွဲဥက္ကဋ္ဌ ဦးမြသန်းနှင့် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်(၁၀)ဦးအနက် အမျိုးသမီးတစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မမေသော်ဇင်ဦး၊ အမျိုးသားနှစ်ယောက်တွဲ စွမ်းရည်ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် မောင်သန့်ဇင်မင်းနှင့် မောင်ဝေဖြိုးအောင်တို့အား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြသန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူတို့က ထပ်ဆင့်ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းနှင့် ကျန်ရှိသည့်ပြိုင်ပွဲဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူအသီးသီးက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၁၀၂) ကြိမ်မြောက်၊ (၉၅) ကြိမ်မြောက်နှင့် (၅၂) ကြိမ်မြောက်သွေးလှူဒါန်းခဲ့ကြသည့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်(၃)ဦးနှင့် ကြက်ခြေနီလူမှု့ဂရုဏာ လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် မော်တော်ယာဉ်တစ်စီးလှူဒါန်းပေးသော ရန်ကုန်တိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီဒု-ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးတင်မောင် (M.D) စန္ဒီဘယဆေးမိသားစုအား မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းရုံးခွဲဥက္ကဋ္ဌ ဦးမြသန်းက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး (အဋ္ဌမ) အကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမင်းမင်းဦး၊ မြို့နယ်ကြက်ခြေနီအသင်းရုံးခွဲဥက္ကဋ္ဌ ဦးမြသန်းနှင့် တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လော်ဂိတ်ဆုံနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)