ဆီဆိုင်မြို့ အခြေခံပညာကျောင်းရှိ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဆီဆိုင် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသက် (၉) နှစ်မှ (၁၂) နှစ်အရွယ်ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ထိုးနှံပေးသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းတွင် ဆီဆိုင်မြို့မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများမှ အသက် (၉) နှစ်မှ (၁၂) နှစ်အရွယ် ကျောင်းသူလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ဖြူဖြူဝင်းက သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားပါက နောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ HPV ပိုးကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် HPV ကာကွယ်ဆေးသည် ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ပြီး HPV ရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်းစသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)