ဒဂုံ စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံးအမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့်ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကိုကာကွယ်နိုင်ရန် မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးကိုကိုနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားတွင် ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌဦးမင်းခန့်သွင်က သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံရန် အသက်ပြည့်မီသူကျောင်းသူများအနေဖြင့် ကာကွယ်ဆေးကိုထိုးနှံထားသင့်ပါကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာရွှေပြည်က WHO မှအသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို (၁-၉-၂၀၁၁)မှ (၃၁-၈-၂၀၂၄)အတွင်း မွေးဖွားသည့်ကျောင်းသူများအား ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထိုသို့ ဆေးထိုးနှံရာတွင် ဆေးထိုးနှံမည့် ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက စာရင်းသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင်အ.ထ.က(၂)ကျောင်းမှ ကျောင်းသူစုစုပေါင်း(၆၅)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌဦးမင်းခန့်သွင်၊ မြို့နယ်စီမံအဖွဲ့ဝင်(၂)ဦးမြင့်အေး၊ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးနှင့်ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့အထိ အခြေခံပညာကျောင်းများမှ အသက်ပြည့်မီသူ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)