ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်

ပုံပါကျင် အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့ဝင်မြို့ထွက်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်း၊ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပုံပါကျင် မြို့ဝင်/ထွက်ဂိတ်ဖြစ်သော မိုင်းတုံ-နားကောင်းမူးဂိတ်တွင် ဖြတ်သန်းသွားလာသူများအား ကိုယ်အပူ ချိန် တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကျေးထောက်ခံချက် ပါ/ မပါ စစ်ဆေးခြင်း၊ ကျန်းမာရေးထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်းနှင့် လူစည်ကားရာနေရာများတွင် mask တပ်ဆင်သွားလာစေရေး ပညာပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပုံပါကျင်မြို့ အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုံပါကျင်မြို့နှင့် နားကောင်းမူး နယ်မြေရဲစခန်း၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန္ဒီ(ပြန်/ဆက်)