ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပ

လားရှိုး စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့နံနက်ပိုင်း ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်ထွန်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွှန့်ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပြီး ICRC မှ ရုံးခွဲကိုယ်စားလှယ် Mr.Nicolas က ကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့ပါသည်။

ထို့နောက်တွင် ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ဝတ်စုံဝယ်ယူရန်ပေးအပ်သော ထောက်ပံ့ငွေများအား သက်ဆိုင်ရာမြို့နယ်တပ်ဖွဲ့မှူးများသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ယင်းနောက် ပြည်နယ်ကြက်ခြေနီရုံးရှေ့၌ ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးရေးအသိပညာပေး Campaign တို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။  

ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်အသင်းခွဲမှအမှုဆောင်များ၊ လားရှိုးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ လားရှိုးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြပါသည်။

စိုင်းထွန်း(လားရှိုး)