ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ အမှတ် (၄) လမ်းမကြီးပေါ်ရှိ အင်းစိန်ခရိုင်တရားရုံး အဆောက်အဦသစ် ပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီက အဆိုပါ အဆောက်အဦးတည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်ကျော်တို့က သတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ ပန္နက်တော်တင်တွင်းတော်ဝန်းပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပန္နက်တော်တင်တွင်းတော်ဝန်း အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး ငွေမိုးရွာသွန်းပေးပြီး ပြည်ထောင်စု တရားသူကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အဆောက်အဦးဆောက်လုပ်မည့် ပရဝုဏ်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါအဆောက်အဦးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၇ (၅) နှစ်တာ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း၊ ပထမနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၃) ၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ် (၁)၊ မဟာဗျူဟာ ရည်မှန်းချက် ၁ ဒသမ ၄၊ မဟာဗျူဟာအစီအစဉ် ၁.၄.၁ နှင့်အညီ စီမံကိန်းချမှတ်၍ ဦးစားပေးအဆင့် (၁) အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယင်းအဆောက်အဦးမှာ အလျား (၂၀၀) ပေ၊ အနံ (၁၄၀) ပေ ရှိ သံကူကွန်ကရစ် (၅) ထပ် အဆောက်အဦးဖြစ်ပြီး M Interior Design ကုမ္ပဏီက တာဝန်ယူတည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)