မိုင်းဆတ် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ယမန်နေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အကျဉ်းထောင်၊ မြို့မရဲစခန်းနှင့် ခရိုင်၊မြို့နယ် တရားရုံးသို့ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ မိုင်းဆတ်ခရိုင်တရားသူကြီး ဦးသက်ထွန်းနှင့်အဖွဲ့သည် မိုင်းဆတ်ခရိုင်အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးရာ အကျဉ်းဦးစီးဌာန ဦးစီးအရာရှိ ဦးလှဝင်းချိုက အကျဉ်းထောင်အတွင်း အခြေအနေများကို (Power point)ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အဖွဲ့သည် အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူများနေထိုင်သည့် အဆောင်များနှင့် စားဖိုဆောင်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဥပဒေပါ အခွင့်အရေးများရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်းအဆင်ပြေမှု ရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ/မရှိနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို စစ်ဆေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အကျဉ်းထောင် တာဝန်ရှိသူတို့အား မှာကြားခဲ့သည်။
ဆက်လက်၍ မိုင်းဆတ်မြို့မရဲစခန်းနှင့် ခရိုင်၊ မြို့နယ်တရားသူကြီးရုံးတို့သို့ သွားရောက်စစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)